လွှတ်လပ်မှု၏ သူရဲကောင်းများ – မြန်မာပြည်၏ ၈၈မျိုးဆက်နှင့် မန်ဒဲလားအမွေ
A repost of the blog “Heroes of Freedom: Burma’s 88 Generation and the Legacy of Mandela” for our readers in Burma:
မြန်မာနိုင်ငံလို အလျင်အမြန် ခေတ်မီပြောင်းလဲတိုးတက်နေတဲ့ နိုင်ငံမျိုးအတွက် အနာဂတ်ကိုမျော်ကြည့် ရတာဟာ အတိတ်ကိုပြန်အောက်မေ့ရတာထက် ပိုပြီးလွယ်ကူပါတယ်။ သို့ ပေမယ့် လွန်ခဲ့သောအပတ်က ကွယ်လွန်သွားခဲ့သော နယ်လ်ဆင်မန်ဒဲလား ရဲ့ ဘ၀ကို လေ့လာကြည့်ရင် ရနိုင်သော အကောင်းဆုံးသင်ခန်းစာတစ်ခုကတော့ မကြာသေးတယ့် အတိတ်ဆိုးကနေ ပိုမိုကောင်းမွန်သော အခြေအနေတစ်ခုကိုရောက်ဖို့   ကြိုးပမ်းနေသည့် တစ်ဆစ်ချိုးကာလမျိုး ရောက်နေသော နိုင်ငံတစ်နိုင်ငံအတွက်   ဘယ်ကိုဦးတည်ပြီးသွားနေလဲ ဆိုတဲ့ မေးခွန်းအပြင် အတိတ်မှာဘာတွေဖြစ်ခဲ့လဲဆိုတာကိုလည်း စဉ်းစားဆင်ခြင်သင့်သည် ဟူသော သမိုင်းသင်ခန်းစာပါဘဲ။ ယင်းကဲ့သို့ မဟုတ်လျှင် တိုင်းပြည်ရဲ့ အနာဂတ်ရည်မှန်းချက်တွေဟာ မုသားတွေမဟုတ်ရင်တောင်မှ မှားယွင်းတယ့် အချက်တွေအပေါ်မှာ အခြေခံထားသလို ဖြစ်လာပြီး ရုန်းကန်လှုပ်ရှားခဲ့မှု၏ သမိုင်းမှတ်ညဏ်တွေ ဟာလည်း အလွယ်တကူ ဖယ်ဖျောက်ခြင်းခံ လာရလိမ့်မယ်။ ထို့ အပြင်အရင်တုန်းက ဖိနှိပ်ခြင်းခံခဲ့ရတဲ့ အသံတွေဟာ အချိန်တွေ ပြောင်းလဲလာတာ နဲ့ အမျှ လုံးဝနှုတ်ပိတ်ခြင်းခံလာရမယ်၊ ဆယ်စုနှစ်ပေါင်းများစွာက လူပုဂ္ဂိုလ်တစ်ဦးခြင်းနဲ့ အားလုံးရဲ့ ကိုယ်တိုင်ခံစားခဲ့ရသော အတွေ့ အကြုံတွေဟာလည်း ပျောက်ဆုံးလာလိမ့်မယ်၊ ပြီးရင် ရုတ်တရက် ကောက်ကာငင်ကာ ပြုပြင်ပြောင်းလဲရေး လုပ်မည်ဟုဆိုလာသော အာဏာရှင်များက ၄င်းတို့ သံဝေဂရလာပြီးဖြစ်ကြောင်း နှင့် စေတနာကောင်းတွေရှိကြောင်းကို ပေါ်လွင်စေဖို့ အတွက် ၄င်းတို့ စိတ်ရှိအတိုင်း သမိုင်းကိုအပြောင်းအလဲ လုပ်လာမှာဖြစ်တယ်။ ထိုအကြောင်းတွေနှင့်ပတ်သတ်ပြီး ၂၀၀၈ ခုနှစ် နယူးယော်ကာမဂ္ဂဇင်း တွင်ပါလာသော ဆောင်းပါးတစ်စောင်ကို ကျွန်မသတိရမိတယ်။ ဆောင်းပါးက ၈၈ လူထုလှုပ်ရှားမှုတုန်းက ပါဝင်ခဲ့သော ကျောင်းသားခေါင်းဆောင်တွေ အကြောင်းရေးသား ထားခြင်းဖြစ်ပြီး  ထိုကျောင်းသားခေါင်းဆောင် တွေဟာ ထောင်ဒဏ် ၆၅နှစ်ဆီ ကျခံခဲ့ရပြီး၂၀၀၈ခုနှစ်တွင် သူတို့ တွေဟာ သံတိုင်တွေနောက်မှာ ရှိနေဆဲဖြစ်သည်။ ထိုဆောင်းပါးတွင် ဆောင်းပါးရှင်က ဤသို့ ရေးသားဖော်ပြခဲ့ပေသည်။
“ စာရေးဆရာဂျိုးဇက်လက်လိုင်ဗက် (Joseph Lelyveld)မှ တောင်အာဖရိကနိုင်ငံအကြောင်း ရေးသားထားသော ၄င်း၏ “Move Your Shadow” အမည်ရှိစာအုပ်တွင် ဖော်ပြထားသည့်  လူမျိုးရေးခွဲခြားမှုဆန့် ကျင့်ရေး လှုပ်ရှားသူ ဘီကိုရဲ့ ရဲဘော်ရဲဘက်တစ်ဦးကို ဖမ်းဆီးနှိပ်စက်ခဲ့သော တောင်အာဖရိကနိုင်ငံအစိုးရသည် ထက်မြက်သည့် လူငယ်တွေကို အညွန့် ချိုးဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ရာမှာ မြန်မာအစိုးရနှင့် ထပ်တူထပ်မျှတူပေသည်။ ယင်းစာအုပ်တွင် “ယခုလို လူငယ်တစ်ဦးရဲ့ ဘ၀ကို ချိုးနှိမ် ဖိနှိပ်ဖို့ ကြိုးစားခဲ့ကြောင်းကို အရိပ်အမြွက် ၀န်ခံနိုင်သည့် စနစ်တစ်ခုရှိနေခြင်းဟာပင် ယင်းစနစ်သည် ဆိုးဝါးလှသည့် ကိုယ်ကျင့်တရား အပေါ်တွင် အခြေခံထားကြောင်း ပေါ်လွင်စေသည်ဟု ကျွန်တော်ထင်မိသည်။” ဟူ၍ ရေးသားဖော်ပြ ထားပေသည်။”  (၂၀၀၈ ခုနှစ်ထုတ် နယူးယော်ကာ မဂ္ဂဇင်း)
ဤကဲ့သို့  ကိုယ်ကျင့်တရားကင်းမဲ့မှု နှင့် ရက်စက်ကြမ်းကြုပ်မှုများ၏ စိတ်ပျက်ဆိုးရွားလှသော အငွေ့ အသက်များသည် မြန်မာပြည်တွင် နှစ်ပေါင်းများစွာ ပြန့် နှံ့ လျက်ရှိနေရာမှ ယခု တဖြည်းဖြည်း ကွဲပျောက်လာပြီးဖြစ်သည်။ ထို့ အပြင် အထက်ဖော်ပြပါဆောင်းပါးတွင် ဖော်ပြပါရှိသော လူငယ်များသည် ဆယ်စုနှစ်ပေါင်းများစွာ နှစ်ရှည်ထောင်ဒဏ်များကို ကြံ့ ကြံ့ ခံနိုင်ခဲ့ရုံသာမက ထိုလူငယ်များသည်ယခုအခါ မြန်မာပြည်ကို တရားနည်းလမ်းကျစွာ ဦးဆောင်ဦးရွက်ပြုဖို့ အတွက် အကောင်းဆုံးသော မျှော်လင့်ချက်များလည်း ဖြစ်ပေသည်။
၈၈ မျိုးဆက်ဟူ လူသိများသည့် ၁၉၈၈ လူထုလှုပ်ရှားမှုတွင်ပါဝင်ခဲ့သော ကျောင်းသားခေါင်းဆောင်များကို ကျွန်မ ပထမဦးဆုံးတွေ့ ဆုံခဲ့ရသည်မှာ ကျွန်မမြန်မာပြည်တွင် လွန်ခဲ့သောမတ်လက စွမ်းဆောင်ရည်မြင့်တင်ရေးဆိုင်ရာ ပရောဂျက်တစ်ခု နှင့်ပတ်သတ်၍ အလုပ်လုပ်နေစဉ် ကဖြစ်သည်။ ပြန်တွေးကြည့်ရင် ၈ရက် ၈လ ၁၉၈၈ခုနှစ် တွင် လမ်းမများပေါ်တွင် လူထောင်ပေါင်းများစွာကို ဦးဆောင်လှုံ့ ဆော်ခဲ့သော ကျောင်းသားခေါင်းဆောင်များအကြောင်းကို  အရင်က ကျွန်မအနည်းအကျဉ်းမျှသာ သိခဲ့သည်။ အနောက်နိုင်ငံသားအများစုအတွက် ၁၉၈၈ လူထုလှုပ်ရှားမှုနှင့် နောက်ဆက်တွဲ ပစ်ခတ်သတ်ဖြတ်မှုများသည် ဒေါ်အောင်ဆန်းစုကြည် ရွှေတိဂုံဘုရားတွင် လူထောင်ပေါင်းများစွာအား မိန့် ခွန်းပြောခဲ့သည့် ပုံရိပ်များနှင့်သာ ဆက်စပ်၍ နေလေသည်။ ဒေါ်အောင်ဆန်းစုကြည် ရွှေတိဂုံဘုရားတွင် လူထောင်ပေါင်းများစွာကို မိန့် ခွန်းပြောခဲ့သည်မှာ ၁၉၈၈ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ တွင် ဖြစ်ပြီး ထိုနေ့ မတိုင်ခင်က ဆန္ဒပြပွဲများစွာ ပေါ်ပေါက်ခဲ့ပြီး သြဂုတ်လ ၈ရက် နေ့ တွင် ထိုဆန္ဒပြမှုများ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပုံကို လူနည်းစုသာသိပေလိမ့်မည်။ တကယ်တော့ သာမန်အရပ်သူ အရပ်သားများကို စစ်တပ်မှ သတ်ဖြတ်နှိမ်နှင်းခဲ့မှုများက ဒေါ်စုအား တစ်ခုခုလုပ်ရန် တွန်းအားပေးခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် မပါဝင်လာခင်က မြန်မာ့ခေတ်သစ်သမိုင်းတွင် အရေးပါဆုံး တော်လှန်ရေးကြီးဟု ဆိုနိုင်သည့် ၈၈ လူထုလှုပ်ရှားမှုကြီးကို စည်းရုံးဦးဆောင်ခဲ့သူများမှာ ရန်ကုန်တက္ကသိုလ် ဘွဲ့ ကြိုနှင့် ဘွဲ့ လွန်ကျောင်းသားများ ဖြစ်သည့် မင်းကိုနိုင်ပြုံးချိုကိုကိုကြီးအံ့ဘွယ်ကျော်၊ မြအေး နှင့် အခြားကျောင်းသားခေါင်းဆောင်များဖြစ်သည်။
၈၈ ကျောင်းသားခေါင်းဆောင်များဖြစ်သော လူငယ်အမျိုးသား အမျိုးသမီးများသည် လူငယ်ဆန်သည့် စိတ်မြန်လက်မြန်ရှိမှုနှင့် စိတ်ကူးယဉ်ဆန်မှုများထက် ပိုမိုသော အပြောင်းအလဲလိုလားမှု ကိုပြသခဲ့ကြသည်။ ၈၈ ခေါင်းဆောင်များသည် စစ်မှန်သည့် ရည်မှန်းချက်၊ သတ္တိနှင့် ခေါင်းဆောင်မှုများကို ဖော်ပြခဲ့ကြသည်။ သူတို့ သည် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ရုံသာမက သမဂ္ဂများကို စီမံဖွဲ့ စည်းခဲ့ကြသည်။  စည်းရုံးရေးတွေလည်း ဆင်းခဲ့ကြသည်။ တာဝန်များကိုလည်း အသီးသီးယူခဲ့ကြသည်။ သူတို့ သည် အမြော်အမြင်ရှိစွာဖြင့် နက်နဲသည့် ရည်မှန်းချက် သဘောထားများကို ချမှတ် ခဲ့ကြသူများလည်း ဖြစ်သည်။ တကယ်တော့ သူတို့ ရဲ့ သဘောထားတွေဟာ တစ်ခါတလေ ဘေးကလူကြီးများရဲ့ အမြင်တွေကို ကျော်တက်သွားသည့် အခါများလည်းရှိပေသည်။ (၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် စစ်တပ်မှ အာဏာမသိမ်းခင် အရေးကြီးသည့်ကြားကာလတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားလူကြီးပိုင်း ခေါင်းဆောင်တို့ အား စစ်တပ်မှ ၄င်းတို့ တွင် အာဏာရှိကြောင်း မလုပ်ပြခင် ကြားဖြတ်အစိုးရ ဖွဲ့ စည်းရန် နောက်ဆုံး တိုက်တွန်းခဲ့သူများ မှာ ကျောင်းသားများပင် ဖြစ်ပေသည်။)
Vimeo ရှိ Elemental Productions မှ ရိုက်ကူးတင်ပြသည့် ၁၉၈၈ စက်တင်ဘာလ အာဏာသိမ်းမှုကို ပြန်လည်သုံးသပ်ခြင်းနှင့် ယင်းအဖြစ်အပျက်မှ ယခုအချိန်အထိ ပေးလျက်ရှိသော သင်ခန်းစာများ နှင့်ပတ်သတ်၍ ၈၈မျိုးဆက်ခေါင်းဆောင် ကိုပြုံးချိုနှင့် တွေ့ ဆုံမေးမြန်းခန်း ရုပ်သံ
၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် စစ်တပ်မှ အာဏာသိမ်းကာ ဆန္ဒပြသူ ထောင်ပေါင်းများစွာအား သွေးအေးအေးနှင့် သေချာချိန်ရွယ်ကာ ပစ်ခတ်နှိမ်နှင်းခဲ့သည်။ ထို့ နောက် စစ်ဥပဒေများထုတ်ပြန်ကာ မြန်မာပြည်အား ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှုပိုင်းဆိုင်ရာ တစ်သီးတစ်ခြားဖြစ်အောင် စတင်ပြုလုပ်ခဲ့သည်။ ဤကဲ့သို့ သတ်ဖြတ်နှိမ်နှင်းမှုများမှ အသက်ရှင်ကျန်ရစ်ခဲ့သော လူငယ်အမျိုးသား အမျိုးသမီးများသည် နာဇီဂျာမနီမှ ဖိစီးနှိပ်စပ်မှုကို ခံခဲ့ရသူများ၏ အခြေအနေနှင့်တူညီစွာ ထိုလူငယ်များသည် ၄င်းတို့ ကို အားပေးထောက်ခံသူများ၏ အိမ်ထပ်ခိုးများနှင့် မြေအောက်ခန်းများတွင် လပေါင်းများစွာပုန်းလျှို ခဲ့ကျရသည်။
၁၉၈၉ နှစ်ကုန်ပိုင်းတွင် ၈၈ လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော အဓိကခေါင်းဆောင်များ အားလုံးသည် မတရား ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး တစ်ချို့ မှာ နှစ်နှစ်အထိ ထိန်းသိမ်းထားပြီးမှ ရုံးတင်ကာ စီရင်ချက် ချမှတ်ခြင်းခံခဲ့ရသည်။ ကိုမြအေးနှင့် ကိုအံ့ဘွယ်ကျော်တို့ မှာ ထောင်ထဲတွင် ၈နှစ် နေခဲ့ရပြီး ကိုပြုံးချိုမှာ ၁၄ နှစ် နှင့် ကိုမင်းကိုနိုင်မှာ ထောင်ထဲရှိ သီးခြားပြစ်ဒဏ်ဆောင်တွင် တစ်ယောက်တည်း ၁၄ နှစ်နေခဲ့ရသည်။ တခြား ဖမ်းဆီး၊ နှိပ်စက်၊ စစ်ကြောပြီး ထောင်ချခြင်းခံခဲ့ရသည် လူငယ်များ၏နာမည်များမှာ အစဉ်လိုက်ဖော်ပြဖို့ ရန် အလွန်များပြား လှပေသည်။ တော်တော်များများဟာ ထောင်ထဲတွင်သာ အသက်ဆုံးရှုံး သွားခဲ့ကျရသည်။
တိုင်းပြည်ရဲ့ အတော်ဆုံး အထက်ဆုံးနှင့် ဖန်တီးနိုင်မှုစွမ်းအားအကောင်းဆုံးသော ကျောင်းသားသမဂ္ဂ ဥက္ကဌ နှင့် ဒုတိယဥက္ကဌအပါအ၀င် လူငယ်အများအပြား အကျဉ်းကျခြင်းခံခဲ့ရသည့် အတွက် တစ်နိုင်ငံလုံး ၀မ်းနည်းကြေကွဲခဲ့ရပုံကို ဖော်ပြဖို့ ရန် အင်မတန်မှ ခက်ခဲ ပေးလိမ့်မည်။
၂၀၀၀ ခုနှစ်ပတ်ဝန်းကျင် အစောပိုင်းကာလတွင် ကျောင်းသားခေါင်းဆောင် တော်တော်များများ ပြန်လည်လွှတ်မြောက်လာကျပြီး ၄င်းတို့ တက္ကသိုလ်တက်စဉ်တုန်းက အတိုင်း လက်ဖက်ရည်ဆိုင်များတွင် တွေ့ ဆုံကာ နိုင်ငံရေးဆွေးနွေးမှုတွေကို ပြန်လည်စတင် လုပ်ဆောင်ခဲ့သည်။ နောက်ဆုံးတွင် ၈၈ မျိုးဆက်အဖွဲ့ ကို တည်ထောင်ခဲ့ကြသည်။      တင်းကျပ်စွာ စောင့်ကြည့်ခြင်းခံခဲ့ရသည့် အန္တရာယ်များကြားမှ ထိုကျောင်းသားခေါင်းဆောင်တို့ သည် အကြမ်းမဖက်ငြိမ်းချမ်းသည့် လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြသည်။ (၄င်းတို့ ၏အိမ်ရှေ့ တွင် အနည်းဆုံး ထောက်လှမ်းရေး အရာရှိတစ်ယောက်အမြဲတမ်းစောင့်ကြည့်လျက်ရှိကြောင်း နှင့်၂၀၀၆ ခုနှစ် အမျိုးသားညီလာခံ လုပ်ဆောင်နေစဉ်ကာလအတွင်း စစ်အစိုးရမှ ၄င်းတို့ အားပြန်လည် ထိန်းသိမ်းကာ လအတန်ကြာ ထောင်ချခဲ့ကြောင်း ကျွန်မအားပြောပြသည်။) ထို့ အပြင် မြန်မာပြည်ရှိ ဘာသာရေးဆိုင်ရာ ပဋိပက္ခများ နိုင်ငံတကာသတင်းတွင် ဟိုးလေးတကျော်မဖြစ်ခင်နှင့် ထိုပဋိပက္ခများသည် တိုင်းပြည်၏ ဦးစားပေးဖြေရှင်းရမည့် ပြသာနာအဖြစ် မရောက်ရှိလာခင် ကာလတော်တော်ကြာကြာ ကတည်းကပင် ၈၈မျိုးဆက်တို့ ၏ အမြင်သဘောထားများသည် ၄င်းတို့ ၏ခေတ်ပြိုင်များထက် ရှေ့ ပြေးကာ ဘာသာပေါင်းဆုံတွေ့ ဆုံပွဲများနှင့်ဆုတောင်းပွဲများကို အားပေးတိုက်တွန်းခဲ့ကျသည်။ ထို့ အပြင် ထောင်ယူနီဖောင်းအရောင်ဖြစ်သည့် အဖြူရောင် ရှပ်အင်္ကျီများ ၀တ်ဆင်ပြီး ထောင်တွင်း၌ ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများနှင့် ၄င်းတို့ ၏မိသားစုဝင်များကို လိုက်လံကြည့်ရှု အားပေးကား ၄င်းတို့ လွှတ်မြောက်ဖို့ အတွက်လည်း ငြိမ်းချမ်းစွာ အရေးဆိုခဲ့ကြသည်။ မြန်မာပြည်နှင့် အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံတို့  မတူညီသည်မှာ အင်ဒိုနီးရှားတွင် ယခင်က နိုင်ငံရေးဆိုင်ရာ ငြင်းပမ်းနိုင်စက်ခဲ့မှုများသည် မကြာသေးမီကမှ စတင်ထုတ်ဖော်ပြောကြားလာပြီး         ထိုကဲ့သို့ နှိပ်စက်မှုများကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင်များသည်လည်း ပြင်းထန်စွာ အရေးယူခြင်းကို ခံခဲ့ကြရခြင်းဖြစ်သည်။ မြန်မာပြည်တွင်မူ ၈၈ မျိုးဆက်ခေါင်းဆောင်များ၏ ယနေ့ ထက်တိုင် အမြော်အမြင်ကြီးသော ခေါင်းဆောင်မှုနှင့် သဘောထားများကြောင့် ၁၉၈၈ တွင် ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသူများ၏ မိသားစုဝင်များသည် ၄င်းတို့ အား ကံမကောင်း အကြောင်းမလှ၍ ဒုက္ခရောက်ခဲ့သူများအနေနှင့် မဟုတ်ဘဲ တိုက်ပွဲတွင် ကျဆုံးခဲ့သည့် သူရဲကောင်းများသဖွယ် အောက်မေ့သတိရနိုင်ကြပြီးဖြစ်သည်။ ထို့ အပြင် ၈၈ မျိုးဆက်ခေါင်းဆောင်များသည် စစ်အစိုးရလက်ထက်တွင် ပေါ်ပေါက်လျက်ရှိ သော အဂတိလိုက်စားမှုများ၊ လူ့ အခွင့်အရေးချိုးဖောက်မှုများနှင့် လျစ်လျူရှုခြင်းခံနေရသည့် နယ်ပယ်များအား မှတ်တမ်းတင်ကြရန် လူထုအား ငြိမ်းငြိမ်းချမ်းချမ်းနှင့် အပြုသဘောဆောင်စွာ ဆက်လက်အားပေး တိုက်တွန်းခဲ့ ကြသည်။
အံသြလောက်သည်မှာ ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေး အဖြစ်သို့ ဦးတည်ရောက်ရှိသွားသည့် ပထမဦးဆုံး ဆန္ဒပြပွဲကိုလည်း ၈၈ ဆန္ဒပြပွဲများကို စီစဉ်ခဲ့သည် လူငယ်အမျိုးသား အမျိုးသမီးများမှပင် ဦးဆောင်ခဲ့ကြခြင်းဖြစ်သည်။ ထို့ အတွက်ကြောင့် ၈၈ မျိုးဆက် ခေါင်းဆောင်များသည် ပြန်လည်ဖမ်းဆီးခံရပြီး ၆၅ နှစ်ထက်မနည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းခံခဲ့ရသည်။ နောက်ဆုံး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် ၄င်းတို့ ပြန်လည် လွှတ်မြောက်လာကြသည်။ ကိုမင်းကိုနိုင်၊ ကိုပြုံးချို နှင့် ကိုကိုကြီးစသည့် ပုဂ္ဂိုလ်များသည် ၄င်းတို့  အရွယ်ရောက်ပြီးဘ၀၏ အနှစ် နှစ်ဆယ်ကို ထောင်ထဲတွင်သာ ကုန်ဆုံးခဲ့ကြရရှာသည်။
၂၀၁၂ ခုနှစ် ထောင်ထဲမှ လွှတ်မြောက်လာသည့်အချိန်မှစ၍ ၈၈မျိုးဆက်ခေါင်းဆောင် များသည် လူထုအား ဆက်လက် လှုံ့ ဆော်လျက်ရှိပြီး အရေးကြီးသည် အရပ်ဘက်လူ့ အဖွဲ့ အစည်းဆိုင်ရာ ကနဦးလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိကြသည်။ အချိန်တိုအတွင်းမှာပင် ၄င်းတို့ သည် မြန်မာပြည်ရှိ လူမှုပြသာနာများအား ဖြေရှင်းရန်အတွက် အဓိကကျသည့် ခေါင်းဆောင်မှုနေရာကို ပြန်လည်ရယူနိုင်ခဲ့သည်။ မြန်မာပြည်တစ်လွှားရှိ လူထုအသီးသီး၏ ကျေးရွာလူကြီးများသဖွယ် ၄င်းတို့ သည် အလုပ်သမားပြသာနာများကို ကြားဝင်ဖြေရှင်းပေးခြင်း၊ တရားစီရင်ရေးစနစ်နှင့် ရင်ဆိုင်ရုန်းကန်နေရသည့် လူများတွက် အရေးဆိုပေးခြင်းအပြင် လူထုအား ၄င်းတို့ ၏ ရပိုင်ခွင့်များနှင့် အခွင့်အရေးများကိုသိရှိစေရန်နှင့် ယင်းအခွင့်အရေးများ ချိုးဖောက်ခြင်း ခံခဲ့ရပါက မည်သို့ မည်ပုံ ဆောင်ရွက်ရန် စသည်တို့ နှင့်ပတ်သတ်၍ ပညာပေးခြင်းများကိုလည်း မမောနိုင်မပန်းနိုင်ဆောင်ရွက် လျက်ရှိကြသည်။  ယခုအခါ ၄င်းတို့ သည် လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာက ဖြစ်ပွားခဲ့သော လူအခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းတင်ရန် ဆောင်ရွက်လျက်ရှိသည်။ များသောအားဖြင့် ၈၈ မျိုးဆက်ကျောင်းသားများသည် မြန်မာပြည်တွင် ပေါ်ပေါက်လျက်ရှိသော အဓိကကျသည့် လယ်သမား သို့ မဟုတ် အထည်ချုပ်အလုပ်သမားများပါဝင်သော အရေးကိစ္စများအား စတင်မီးမှောင်းထိုးပြလေ့ရှိသည်။ လွန်ခဲ့သော တစ်နှစ်အတွင်းတွင် ၄င်းတို့ သည် မြေယာအဓမ္မသိမ်းဆည်းမှု၊ အလုပ်သမားရေးရာညိုနှိုင်းမှု၊ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နှင့် လူအခွင့်အရေး စသည့် အရေးကိစ္စများနှင့် ပတ်သတ်သည့် ညိနှိုင်းဆွေးနွေးပွဲများကိုကျင်းပခဲ့ပြီး ယင်း ဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်ရန် အားပေး ဆောင်ရွက်လျက် ရှိသည်။ ထို့ အပြင် ၄င်းတို့ သည် မြန်မာပြည်ရှိ မြို့ ပြလူထုနှင့် သာမက ကျေးလက်လူထု အပြင် တိုင်းရင်းသာပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ နှင့်ပါ ခိုင်မာသည့်ရင်နှီးမှုများ ရှိပေသည်။ အလွှာအသီးအသီးရှိလူထု၏ ယုံကြည်စိတ်ချမှုကို ယင်းကျောင်းသား ခေါင်းဆောင်များ သည် ၁၉၈၈ ခုနှစ်၏ အရေးကြီးသည့် ကာလများကတည်းက ရရှိခဲ့ကြောင်း ကျွန်မသိရှိခဲ့ရပြီး ယင်းအချက်သည် ယခုအချိန်ထိ မှန်ကန်ဆဲဖြစ်ပေသည်။
ပြည်တွင်းပြည်ပရှိ မြန်မာများနှင့် ခိုင်မာသည့် ရင်းနှီးမှုရှိပုံကို ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော်နှင့် ကိုမင်းဇေယျာတို့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာလူထုနှင့်လိုက်လံတွေ့ ဆုံရာတွင် ကျွန်မမျက်မြင် ကိုယ်တွေ့ သိရှိခဲ့ရသည်။ ကျွန်မသည် တစ်လလုံး ၄င်းတို့ ၏ အမေရိကန်ပြည်ထောင်စု တစ်ဝှမ်းရှိ မြန်မာများနှင့် တွေ့ ဆုံပွဲများနှင့် အခြားအစီအစဉ်များကို လိုက်လံ တက်ရောက်ခဲ့သည်။ သူတို့ သည် မြန်မာများရှိရာ ဆန်ဖရန်စစ်စကို၊ လော့အိန်ဂျလိစ်၊ ဖို့ ဝိန်း၊ ၀ါရှင်တန်ဒီစီ၊ ချယ်ပဲလ်ဟေးလ်၊ နယူးယောက် နှင့် ဘက်ဖလို မြို့ များသို့ သွားရောက်ခဲ့ကြသည်။ ယင်းမြို့ များရှိမြန်မာများကလည်း ၄င်းတို့ အား အိမ်ပြန် စစ်သူရဲကောင်းများသဖွယ် ကြိုဆိုကြသည်ကို ကျွန်မတွေ့ ရှိခဲ့ရသည်။ အလားတူ သူရဲကောင်းများအား ဂုဏ်ပြုပွဲကို သြဂုတ်လတွင် ကျင်းပခဲ့သည် ရှစ်လေးလုံး လူထုလှုပ်ရှားမှု၏ ၂၅နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် လည်း ကျွန်မထပ်မံ တွေ့ ရှိခဲ့ရသည်။ တကယ်တော့ မြန်မာပြည်ရဲ့  ခက်ခက်ခဲခဲ အနိုင်ယူတိုက်ခိုက်ခဲ့ရသည့် ဒီမိုကရေစီတိုက်ပွဲဟာ ကတုတ်ကျင်းတွေမှာ မဟုတ်ဘဲ နက်မှောင်နေသည့် အချုပ်ခန်းများထဲမှာဖြစ်ပေသည်။
ဒီရက်ပိုင်းတွေမှာ မြန်မာပြည်အတွက် အားတက်စရာ အကြောင်းအရာ တွေ အများအပြားရှိပေသည်။ အထူးသဖြင့် အပြောင်းအလဲလိုလားသည်ဆိုသော အရပ်သားအမည်ခံ လက်ရှိအစိုးရမှ မြန်မာလူထုအား ဒီမိုကရေစီနှင့် လွတ်လပ်မှုများကို ကျေးဇူးရှင်ကြီးသဖွယ် ပေးသနား နေပုံကို မြန်မာပြည်တွင်းနှင့် အနောက်နိုင်ငံမီဒီယာများမှာ မဆုံးနိုင်သော ဆောင်းပါးများဖြင့် ရေးသားဖော်ပြလျက်ရှိသည်။ သို့ သော် ကျွန်မအတွက် အားတက်စရာမှာ သာမန်မြန်မာလူမျိုး တစ်ယောက် စိတ်ထဲရှိ ဒီမိုကရေစီလှုပ်ရှားမှု၏ သူရဲကောင်းများမှာ မပြောင်းလဲသေးဘဲ ယင်းကဲသို့ လွတ်လပ်မှုများမှာ ထိုသူရဲကောင်းများကြောင့် ပေါ်ပေါက်လာသည်ဟူ ထင်မြင်နေခြင်းပင်ဖြစ်သည်။
လူအဖွဲ့ အစည်းတစ်ခုတွင် မည်သူ့ ကိုသူရဲကောင်းအဖြစ်ချီးမြှောက်ကြသလဲ ဆိုသည်မှာ အရေးကြီးပေသည်။ သူရဲကောင်းများမှာ အဘယ်ကြောင့်အရေးပါသနည်း ဟူဆိုလျင် သူရဲကောင်းများသည် တရားနည်းလမ်းကျသော ခေါင်းဆောင်များအဖြစ် ကျွန်မတို့ မှ လက်ခံနိုင်မည့် လူများဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ လက်တွေ့ တွင် ရွေးကောက်ပွဲတွင် တင်မြောက်ခြင်းခံခဲ့ ရသူတွေ အတွက် တရားနည်းလမ်းကျမှုမှာ အရေးပါသလောက် သူရဲကောင်းများဟာလည်း လူ့ အဖွဲ့ အစည်းတစ်ခုမှလက်ခံသော လူတစ်ယောက် ဖြစ်တည်မှု၏စံနှုန်းများကို ဖော်ပြပေး ပေသည်။ စစ်အုပ်ချုပ်မှု၏ အဆိုးဝါးဆုံးကာလများတွင်ပင် မြန်မာနိုင်ငံသားတို့ သည် ဘယ်အရာနှင့်ဘယ်သူတို့ က ၄င်းတို့ ၏ ကိုယ်ကျင့်တရားဆိုင်ရာစံနှုန်းများ နှင့်ကိုက်ညီမှုရှိသည်ကို ဆန်းစစ်နိုင်ခဲ့ကြပေသည်။
မြန်မာတို့ ရဲ့ မည်သူဟာ ကောင်းမွန်ပြီး တရားနည်းလမ်းကျသော ခေါင်းဆောင်ဖြစ်သလည်းဆိုသော သဘောထားသည် နောင်လာမည့် ဆယ်စုနှစ် အတွင်း ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ဆက်သွယ်ရေးနည်းပညာများကြောင့် ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပေမည်။ ယခုလောလောဆဲ ကျွန်မစကားပြောခဲ့ရသည့် မြန်မာတော်တော် များများအတွက်မူ သူရဲကောင်းဆိုသည်မှာ ၄င်းတို့ ယုံကြည်လက်ခံသည့် စံနှုန်းများကို အစဉ်ပြေသလို သို့ မဟုတ် နိုင်ငံရေးအမြတ်ရရန် အခုတစ်မျိုးတော်ကြာတစ်မျိုးလုပ်သူများ မဟုတ်ပေ။ သူရဲကောင်းဆိုသူမှာ မိမိ၏ ပင်ကိုယ်စိတ် အမှန်တိုင်း ရိုးသားဖြောင့်မတ်သူများဖြစ်ကြသည်။ သူတို့ သည် မိမိတို့ ၏သတ္တိကို ဖော်ထုတ်ပြခဲ့ကြသည်။ ထို့ အပြင် သူတို့ သည် လူအဖွဲ့ အစည်းအတွက် ကျယ်ပြန့်  သော ရည်မှန်းချက်များထားကာ ထိုရည်မှန်းချက် ပန်းတိုင်မည်မျှပင်ဝေးဝေး ၄င်းတို့  အတွက်ကြီးမားသည့် စွန့် လွတ်အနစ်နာခံမူများ မည်မျှပင်ရှိရှိ စိတ်ရှည်သည်းခံကာ သံဓိဋ္ဌာန်ခိုင်မာစွာဖြင့် လျှောက်လှမ်းကြသည်။ ယင်းကဲသို့ ပုဂ္ဂိုလ်မျိုးမှာ မန်ဒဲလားဖြစ်ပြီး ယင်းကဲ့သို့ ခရီးမှာ မန်ဒဲလားဖြတ်သန်းခဲ့သည် “ခရီးရှည်(The Long Walk)” ပင်ဖြစ်သည်။
မန်ဒဲလား ဖြတ်သန်းခဲ့သည့်ခရီးနှင့် သူ ပေးခဲ့သည့်အမွေမှာ အတိတ်နှင့်သမိုင်း မှတ်ညဏ်တွေကို စိတ်ကူးနိုင်စွမ်းနှင့် အနာဂတ်ရည်မှန်းချက်တွေအတွက် စတေးရမည်ဆိုသည့် သဘောမဟုတ်ပေ။ မန်ဒဲလား၏ ထူးကဲသော လုပ်ဆောင်မှုမှာ တိုင်းပြည်ကို အရင်ကထက်ပိုမိုကောင်းမွန်လာအောင် အတိတ်ကမှတ်ညဏ်၊ သမိုင်း နှင့်တရားမျှတမှု တွေကို ခွင့်လွှတ်မှုနှင့် တိုင်းပြည်၏အနာဂတ်အိမ်မက်ကို ပုံဖော်မှုတွေနှင့် အတူရောထွေး ဆက်ယှက်ထားသည့် အမြော်အမြင်ပင်ဖြစ်သည်။ ၈၈ မျိုးဆက်များ၏ အမွေသည်လည်း မန်ဒဲလားကဲသို့ သောပုဂ္ဂိုလ်များ၏ အမွေများ ကဲ့သို့ ဆက်လက်တည်ရှိ၍ နေမည်သာ ဖြစ်ပေသည်။
Please click here to view in English.
ဆောင်းပါးကို အင်္ဂလိပ်လို ဤနေရာတွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။ 
Seinenu Thein received her BA in psychology from the University of California, Berkeley, her MA in social psychology from New York University, and her PhD in developmental psychology from the University of California, Los Angeles.
2 Comments
Leave a Reply Click here to cancel reply.
Leave a Reply to Heroes of Freedom: Burma’s 88 Generation and the Legacy of Mandela | Psycho Cultural CinemaCancel reply